ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ ရှမ်းပြည်နယ်တရားလွှတ်တော်တွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေများ ဆွေးနွေးပွဲ ကျင်းပ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြီးမှူး၍ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ ဆွေးနွေးပွဲကို ၇.၁၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Online/ In Person (Hybrid) စနစ်ဖြင့် ကျင်းပသည်။
မူပိုင်ခွင့်ဆိုင်ရာဥပဒေများ ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို နှင့် ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် တို့က အမှာစကား ပြောကြားပြီး ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး က မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်သိန်းသိန်းဌေးက ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးလှိုင် က “မူပိုင်ခွင့်ဥပဒေ(၄)ရပ်”ကို အနှစ်ချုပ်ဆွေးနွေးခြင်း၊ တောင်ကြီးခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးစိုးခွန်ဖြူက “Features of Myanmar Trademark Law; New Issues, Challenges & Role of IP Court” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ကလောခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်သဲမို့မို့ဆွေက “စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့် တရားရုံးများ၏ အခန်းကဏ္ဍ” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးတင်ပြကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တရားရေးအရာရှိများ စုစုပေါင်း ၁၀ ဦးတို့သည် Online ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးများ၊ ခရိုင်အဆင့်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း ၂၆ ဦး၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ ၆ ဦးနှင့် ရှမ်းပြည်နယ်ရှေ့နေအသင်းမှ အသင်းဝင်ရှေ့နေ ၄၀ ဦး၊ စုစုပေါင်း ၈၂ ဦး တို့သည် In Person ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။