ရဲစခန်းအချုပ်များနှင့် တရားရုံးများအား သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ် ၆၈ နှင့်အညီ ၂၄.၈.၂၀၂၆ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ကျောက်မဲခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်နှင့် သီပေါမြို့နယ်တရားသူကြီး ဦးဇော်မျိုးဝင်းတို့လိုက်ပါလျက် သီပေါမြို့မရဲစခန်းအချုပ်နှင့် သီပေါမြို့နယ်တရားရုံးအားလည်းကောင်း၊ ယင်းနေ့ ၁၂:၃၀ နာရီအချိန်တွင် ကျောက်မဲခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်နှင့် ကျောက်မဲမြို့နယ်တရားသူကြီး ဦးကျုံးထောင်းလျန်တို့ လိုက်ပါလျက် ကျောက်မဲမြို့မရဲစခန်းအချုပ်၊ ကျောက်မဲခရိုင်တရားရုံးနှင့် ကျောက်မဲမြို့နယ်တရားရုံးတို့ အားလည်းကောင်း၊ ယင်းနေ့ ၁၅:၃၀ နာရီအချိန်တွင် ကျောက်မဲခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်နှင့် နောင်ချိုမြို့နယ်တရားသူကြီး ဦးမဟာဗလတို့ လိုက်ပါလျက် နောင်ချိုမြို့မရဲစခန်းအချုပ်နှင့် နောင်ချို မြို့နယ်တရားရုံးတို့အားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ ရဲစခန်းအချုပ်များ စစ်ဆေးရာတွင် အချုပ်တရားခံများ ပိုမိုများပြားနေမှု ရှိ/မရှိ၊ အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေမှု အခက်အခဲများကို စုံစမ်းမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ရန် လမ်းညွှန်မှုပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက် စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျလုံခြုံမှုရှိ/မရှိစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။
တရားရုံးများသို့ ရောက်ရှိစစ်ဆေးရာတွင် စီရင်ချက်များ ဖိုင်တွဲ/မတွဲ၊ ကြွေးကျန် ရှိ/မရှိ၊ သက်သေခံပစ္စည်း/ငွေ အလွဲသုံးစားမှုရှိ/မရှိ၊ ဘဏ္ဍာသိမ်းအပ်နှံမှု လျော့နည်းမှုရှိ/မရှိ စသည်တို့ နှင့်ပတ်သက်၍ စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပြီး ကျောက်မဲခရိုင်တရားရုံးနှင့် ကျောက်မဲမြို့နယ်တရားရုံးသို့ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အဦနေရာအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရုံးအဆောက်အဦအသစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အသေးစိတ်တွက်ချက်မှု ရေးဆွဲတင်ပြ နိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်