သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း
Post Image Post Image Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များ

ထပ်ဆင့်ရှင်းလင်းခြင်း

တောင်ကြီး စက်တင်ဘာ ၉

            ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉း၀၀နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

            ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာစကားပြောကြားရာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များအား ပြည်နယ်အတွင်းရှိ တရားရေး အရာရှိများ သိရှိနိုင်ရေးအတွက် ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လမ်းညွှန် မှာကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအထက်အောက် အပြန်အလှန် လေးစားမှုရှိရန်လိုကြောင်း၊ အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းအောင်မြင်စေရန် အားလုံး ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

            ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ထပ်ဆင့် ရှင်းလင်းဆွေးနွေးသည်။

            အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင် တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြရာ စုစုပေါင်း တရားရေးအရာရှိ (၁၁၃)ဦး တက်ရောက်ခဲ့ကြသည်။

 

နှစ်စဉ် အစီအရင်ခံစာ