တိုးချဲ့ဖွင့်လှစ်ထားသော မိုင်းယန်းခရိုင်တရားရုံး နှင့် အချုပ်စခန်းများသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁.၁၀.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် မိုင်းယန်းမြို့၊ အချုပ်စခန်းသို့ လည်းကောင်း၊ နေ့လည် (၁:၀၀) နာရီတွင် မိုင်းခတ်မြို့၊ အချုပ်စခန်းသို့လည်းကောင်း၊ သွားရောက် စစ်ဆေးခဲ့ရာ မိုင်းယန်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစခိုင်ကျော်ဌေး နှင့် ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးကြည်ယုတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှ လိုက်ပါ ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များ ကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွင့်လှစ်သည့် မိုင်းယန်းခရိုင်တရားရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှု့ရာ မိုင်းယန်းခရိုင်တရားသူကြီး ဦးစခိုင်ကျော်ဌေးမှ ခရိုင်ရုံးဖွင့်လှစ် ထားမှု အခြေအနေနှင့်စပ်လျဉ်း၍ တရားခွင်များ၊ နားနေခန်းများ၊ တရားခွင်၊ အချုပ်ခန်းများအား လိုက်လံပြသ ရှင်းလင်းခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တိုးချဲ့ဖွင့်လှစ်သည့် မိုင်းယန်းခရိုင် တရားရုံးနှင့်ပတ်သက်၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်