(၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ၃၁.၈.၂၀၂၄ ရက် (စနေနေ့) နံနက် (၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာစကားပြောကြားရာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏မှာကြားချက်များအား ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများ သိရှိလိုက်နာနိုင်ရေးအတွက် ထပ်ဆင့် ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လမ်းညွှန်မှာကြားချက်များ အား တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအထက်အောက် အပြန်အလှန် လေးစားရန် လိုအပ်ကြောင်း၊ အများပြည်သူ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်း အောင်မြင်စေရန် အားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးများနှင့် ပြည်နယ်တရားရေး ဦးစီးမှူးတို့က (၂၇)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိ ဆောင်ရွက် နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများနှင့် တိုက်ပွဲရှောင်လာကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြရာ စုစုပေါင်း တရားရေးအရာရှိ (၉၈)ဦး တက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်